ကော့ကရိတ် ဇွန် ၂၉
၂၀၂၆ခုနှစ်၊ ဇူလိုင် ၃ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ပြီး စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ယနေ့နံနက် ၁၀နာရီက ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းအေးက အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပြီး လုံခြုံစိတ်ချရသော တန်းတူညီမျှမှုရှိသော ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးနိုင်ရန်နှင့် လူကုန်ကူးမခံရလေအောင် အမျိုးသမီးငယ်များ စာပေကောင်း များကို ရွေးချယ်ဖတ်ရှုနိုင်ရေး ဟောပြောသည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါနွယ်က အမျိုးသမီးများ အိမ်တွင်းမှုလုပ်ငန်းသာမက စာပေနှင့်ယဉ်ကျေးမှုကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အကြမ်းဖက်မှုပပျောက်ရေး၊ လူကုန်ကူးမှုကင်းဝေးစေရေးတို့အတွက် ဟောပြောပွဲများတွင် ပါဝင်စေခြင်းဖြင့် လုပ်ငန်းခွင်နှင့် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှသော ရလဒ်အကျိုးကိုခံစားရနိုင်ပါကြောင်း ဟောပြောသည်။ အဆိုပါဟောပြောပွဲသို့တက်ရောက်လာသူများက စာကြည့်တိုက်၏ဝန်ဆောင်မှု လုပ်ငန်းဖြစ်သော စာအုပ်များအခမဲ့ငှာရမ်းပေးခြင်း၊ အသင်းဝင်ကတ်ပြား ဆောင်ရွက်ပေးခြင်း၊ စာအုပ်များ စနစ်တကျခင်းကျင်းထားရှိခြင်းတို့ကို လေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)