လိပ်သိုဒေသတွင် သဘာဝအတိုင်းပေါက်ရောက်သည့် ရာသီစာမျှစ်များ ချိုးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

လိပ်သို ဇွန် ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိရာ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့်ရာသီစာ မျှစ်များချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရလျက်ရှိသည်။

ဒေသခံများမှာ တောတောင်များတွင် သဘာဝအတိုင်းပေါက်ရောက်သည့် မျှစ်များကို လိုက်လံရှာဖွေချိုးယူပြီး အခွံချွတ်ကာ မျှစ်အဝယ်ဒိုင်များထံသို့ သွားရောက်ရောင်းချကြရာ မျှစ်အစိမ်းတစ်ပိဿာလျှင် (၁၀၀၀) ကျပ် စျေးရရှိကြောင်း မျှစ်လိုက်လံချိုးယူရောင်းချသူ ဒေသခံတစ်ဉီးထံ မှ သိရသည်။

မိုးဉီးကာလတွင် မျှစ်အထွက်နည်းသောကြောင့် အစိမ်းအတိုင်းသာ ရောင်းချကြကြောင်း၊ မျှစ်များ လှိုင်လှိုင်ထွက်ရှိလာချိန်တွင် မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက်၊ မျှစ်ပြုတ်များ ပိုမိုပြုလုပ်ရောင်းချကြကြောင်း သိရသည်။

နော်ဖလောရင်း