ကော့ကရိတ် ဇွန် ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ ကျက်သရေဆောင်ဖြစ်တော်မူသော ဇိနသုခလောက သရဖူစေတီတော်မြတ်ကြီး၊ သဟပုညကာရီသာသနာ့ဗိမာန်တော်၌ (၃၂)ကြိမ်မြောက် နေ့ညအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇွန်လ(၂၄)ရက်နေ့မှစ၍ ပြုလုပ်ကျင်းပခဲ့ပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပဆောင်ရွက်ကြရာ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် မိသားစုဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။
ရှေ့ဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုကန်တော့ကြပြီး မြို့မကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်/သံဃာတော်များက မေတ္တာသုတ်ပရိ တ်တရားတော်များ၊ မြို့နယ်သံဃာ့အကျိုးတော်ဆောင်မှ အနုမောဒနာဂါထာဖြင့် ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာမှ သာသနာရေးဆိုင်ရာ ဖတ်ကြား လျှောက်ထားခဲ့ပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြရာ မြို့မကျောင်း ဆရာတော်မှ လှူဒါန်းဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ ကြောင်းသိရသည်။
ယင်းနောက် ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာများအားပြန်လည်ပို့ဆောင်ခြင်း၊ အောင်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ ပိတ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်၊ သံဃာတော်(၄၂)ပါးအား အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူးနှင့်မိသားစုဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စေတနာအလှူ့ရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)