စစ်ကိုင်း၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦး၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့် အတူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ လိုက်ပါ၍ ယနေ့ နံနက် (၁၀) နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော အစိုးရစက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း)မြေနေရာအသုံးပြုရန် မြေယာလှူဒါန်းပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦးက အစိုးရစက်မှုလက်မှု သိပ္ပံ (စစ်ကိုင်း)မြေနေရာ ပြောင်းရွေ့ သတ်မှတ်ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ အလှူရှင်များကိုယ်စား အလှူရှင် ဦးတင်မောင်(ဂရိတ်ဝေါ)က မြေလှူဒါန်းရခြင်းအကြောင်းကိုလည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က အလှူရှင်များ၏ အစိုးရစက်မှုလက်မှုသိပ္ပံ (စစ်ကိုင်း) မြေနေရာ (၁၂.၃၅)ဧကလှူဒါန်း စာချုပ်များအား လက်ခံရယူခဲ့ပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း)မြေနေရာအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(တိုင်းဒေသကြီး ပြန်/ဆက်)