ကမမောင်း ဇွန် ၂၈
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဇွန်လ(၂၈)ရက်နေ့၌ ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် တက္ကသိုလ်ဝင်အောင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစ၍ သတ်မှတ်ထားသောနေရာတွင် ကြေညာထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို အ.ထ.က(ကမမောင်း) အခြေခံပညာအထက်တန်းကျောင်း၌ ကြေညာထားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက အေးချမ်းစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ဖာပွန်မြို့နယ်အတွင်းတွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆို စာရင်းရှိ (၃၆)ဦးရှိပြီး၊ စုစုပေါင်း(၂၃)ဦး အောင်မြင်ခဲ့ကြောင်းသိရပြီး ထိုအောင်မြင်သူများထဲမှ တစ်ဘာသာ ဂုဏ်ထူးရရှိသူ(၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ (၄)ဦး၊ ရိုးရိုးအောင်(၁၄)ဦး၊ စုစုပေါင်း အောင်မြင် သူ (၂၃)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း (၆၃.၈၉)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကမမောင်း (ပြန်/ဆက်)