ကြံခင်းမြို့၌ ၂၀၂၆- ၂၀၂၇ ခုနှစ်၊ RS-CS မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ RS to CS မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက တောင်သူ ဦးမျိုးသန်း လယ်မြေ ဧကတွင် ပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြသည်။

အဆိုပါ တောင်သူ ဦးမျိုးသန်း၏ လယ်မြေ ၈ ဧက၊ ကွင်းအမှတ် ၁၄ D ဦးပိုင်အမှတ် ၂၃နှင့် ကွင်းအမှတ် ၁၅ ဦးပိုင်အမှတ် ၃၆/၃၇ တွင် ဆင်းသုခစပါးပျိုးအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဦးဆောင်၍ ကောက်စိုက်သမများဖြင့် စနစ်တကျစိုက်ပျိုးနေမှုတို့အား မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအာကာကျော်၊ မြို့နယ်စာသုံးသူရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကြသည်။ ထိုသို့ စိုက်ပျိုးခြင်းသည် မျိုးသန့်မျိုးစေ့ (Breeder Seed - RS) မှတစ်ဆင့် စီးပွားဖြစ်မျိုးစေ့ (Certified Seed - CS)ကို မျိုးမရောအောင် စနစ်တကျပွားများ ထုတ်လုပ်ခြင်းဖြစ်ပြီး၊ စပါးအထွက်နှုန်းမြင့်မားရေး၊ ရာသီဥတုဒဏ်ခံနိုင်ရေးနှင့် ဒေသတွင်း တောင်သူများအား မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်ရန်အတွက် အဓိကထား စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ထံမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)