ပဲခူး ဇွန် ၂၈
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန်လ(၂၈)ရက်နေ့နံနက်ပိုင်းက မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီး၌ နံနက်(၆)နာရီမှစတင်၍ ထုတ်ပြန်ပေးထားလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၂၆၉၂)ဦးရှိပြီး (၁၄၁၈)ဦး အောင်မြင်မှုရရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၅၂.၆၇)% ရှိကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ(၁၄၁၈)ဦးအနက်မှ (၁)ဘာသာဂုဏ်ထူး(၁၅၃)ဦး၊ (၂)ဘာသာဂုဏ်ထူး(၅၆)ဦး၊ (၃)ဘာသာဂုဏ်ထူး(၃၃)ဦး၊ (၄)ဘာသာဂုဏ်ထူး(၃၈)ဦး၊ (၅)ဘာသာဂုဏ်ထူး(၁၃)ဦးနှင့် (၆)ဘာသာဂုဏ်ထူး(၅)ဦး စုစုပေါင်း(၁၁၂၀)ဦး ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် ၂၀၂၆ ခုနှစ် ဝင်ရောက်ဖြေဆိုသူ(၁၄၆၂၇)ဦးအနက်မှ (၇၂၄၃)ဦး အောင်မြင်သဖြင့် (၄၉.၅၂)% ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး (အနောက်)တွင် ဝင်ရောက်ဖြေဆိုသူ (၁၁၈၆၆)ဦးအနက်မှ (၇၀၇၂)ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း (၅၉.၆၀)%ရှိရာ တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် ဝင်ရောက်ဖြေဆိုသူ (၂၆၄၉၃)ဦး၊ အောင်မြင်သူ(၁၄၃၁၅)ဦး၊ အောင်ချက်ရာခိုင်နှုန်း (၅၂.၃၇)%ရှိကြောင်းသိရှိရပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာကျောင်းများ၏ အောင်ချက်အနေဖြင့် ဖြေဆိုသူ(၄၃၅)ဦး မှ အောင်မြင်သူ(၂၂၇)ဦးရာ (၅၂.၁၈%) အောင်မြင်ခဲ့သည်။
အဆိုပါ အောင်မြင်သူ(၂၂၇)ဦးအနက်မှ (၁)ဘာသာဂုဏ်ထူး(၃၇)ဦး၊ (၂)ဘာသာဂုဏ်ထူး(၃၁)ဦး၊ (၃)ဘာသာဂုဏ်ထူး(၆)ဦး၊ (၄)ဘာသာဂုဏ်ထူး(၄)ဦးနှင့် (၅)ဘာသာဂုဏ်ထူး(၁)ဦး အသီးသီးထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)