မင်းဘူး ဇွန် ၂၇
မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှဦးဆောင်ပြီး ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုအသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့်မီးဖိုများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့လယ်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ နန်းတော်ကုန်းကျေးရွာ ရွှေဂူလှိုင်စေတီတော်ဆင်းတုတော်မြတ် ဝင်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဦးစီးဌာနအနေဖြင့် ဒေသတွင်းကျေးလက်ဒေသဖွံဖြိုးရေးကို အထောက်အကူဖြစ်စေရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပလာစေရန်၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံနိုင်စေရန်နှင့် ဂေဟစနစ်မျှတကောင်းမွန်လာစေရန် နှစ်အလိုက်ဆောင်ရွက်နေမှုလုပ်ငန်းများအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ထင်းအစားအခြားလောင်စာတိုးမြှင့် သုံးစွဲရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပြောကြားသည်။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏အစီအစဉ်ဖြင့် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် အိမ်ထောင်စုဝင် လူဦးရေ စုစုပေါင်း ၅၅၃ ဦးအတွက် ထင်းလောင်စာကုန်ကျမှု ၄၀ ရာခိုင်နှုန်းသက်သာသည့် စွမ်းအားမြှင့် မီးဖိုများကို ညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက အခမဲ့ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)