မြင်းမူ၊ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ သစ်တောသစ်ပင်များပြုန်းတီးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၀၂၆ ခုနှစ်၊ ယနေ့နံနက်ပိုင်းက မြင်းမူမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ရေနံသိုလှောင်ရုံးဝန်းနှင့် ရေနံသိုလှောင်ဝန်ထမ်းအိမ်ရာဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ရှေးဦးစွာ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ စိုက်ပျိုးမည့် ပျိုးပင်များနှင့် လူထုဖြန့်ပျိုးပင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့ကဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များစသည့် တက်ရောက်လာသူများထံပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။ အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းရွှေနှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးလွင်ကိုကိုလတ်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ အင်အား(၁၀၀၀)ဦးခန့်ဖြင့် တမာ(၁၆၀၀)ပင်၊ မယ်ဇယ်(၈၀၀)ပင် စုစုပေါင်း (၂၄၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)