ဇီးကုန်း ဇွန် ၂၇
သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒရှိစေရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူအလေးထားသိရှိနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက သာပေါင်းကျေးရွာအုပ်စု၊ ကံညီကိုကျေးရွာ၌ သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ်သစ်တောဦးစီးဌာနမှတာဝန်ရှိသူများထံ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့သည်။ ထိုနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်အသင်း၊ ပညာရေးဝန်းထမ်းများနှင့် ကျေးလက်ပြည်သူများက ကျွန်းပင်(၁၅၀)၊ မန်ဂျန်ရှား(၁၅၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် လူထုဖြန့်ပျိုးပင်ပေါင်း(၂၅၀၀၀)ကို ပျိုးဥယျာဉ်များတွင် ပြုစုပျိုးထောင်ထားရှိပြီး စိုက်ပျိုးလိုသူပြည်သူများ၊ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် အသင်းအဖွဲ့များအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)