တောင်တွင်းကြီးမြို့နယ်တွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တောင်တွင်းကြီး ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြေစာအမှတ်တံဆိပ်ဖြင့်ကပ်နှိပ်ရောင်းချသည့် လုပ်ငန်းရှင်များဖြစ်သော စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေနှင့်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်း (Handset)နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့်လုပ်ငန်းရှင်များအား အခွန်ပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေးအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်လွင်လွင်ထွန်းက အခွန်ကောက်ခံခြင်းကိစ္စနှင့်ပတ်သတ်၍ အခွန်ကောက်ခံရခြင်း၏ရည်ရွယ်ချက်၊ အခွန်အမျိုးအစားများ၊ နိုင်ငံတော်၏အခွန်အကောက်ဖွဲ့စည်းထားရှိမှု၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ အခွန်ပေးဆောင်ခြင်းဆိုင်ရာသိမှတ်ဖွယ်ရာများ၊ ပြေစာများအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း၊ အခွန်ပေးသွင်းခြင်း၊ ကြေညာလွှာတင်သွင်းခြင်း၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေးအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုံညီစွာတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အခွန်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)