အုတ်ဖို ဇွန် ၂၇
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားတိုင်းဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိရေးတို့ကို အကောင် အထည်ဖော်ရန်ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ကို ဇွန်လ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ဇွန်လ ၂၆ ရက် ညနေ ၃ နာရီအချိန်က သင်တန်းဆင်းပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်မျိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ဆုဟန်မှ သင်တန်းဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေအကြောင်း အရာတွေကို သိရှိစေရုံ ပို့ချပေးခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင်နားလည်ထားတဲ့ ဥပဒေပညာကို မိမိတို့ရပ်ရွာရှိ ပြည်သူများအား ပြန်လည်မျှဝေနိုင်မည့် ဆရာဖြစ်(ဒေသခံနည်းပြ များ)ဖြစ်လာစေဖို့ရည်မှန်းတာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာ အေးချမ်းသာယာရေးဟာ အခြေခံအကျဆုံး အုပ်ချုပ်ရေးယန္တရားဖြစ်သည့် ရပ်ကွက်နဲ့ကျေးရွာအဆင့်က စတင်တာဖြစ်တဲ့အတွက်ပြည်သူများသည် ဥပဒေကို သိရှိနားလည်မှသာလျှင် မလိုလားအပ်တဲ့ ဥပဒေချိုးဖောက်မှုတွေ၊ နစ်နာဆုံးရှုံးမှုတွေနဲ့ ပဋိပက္ခတွေကို ကြိုတင်ကာကွယ် နိုင်မှာဖြစ်ကြောင်းစသည်တို့ကိုရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က သင်တန်းသား (၆၁)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။
အောင်သူ (အုတ်ဖို)