လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပ

လှိုင်းဘွဲ    ဇွန် ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ရှောင်ရှားကြရမည့်အချက်များ၊ကျောင်းသားလူငယ်များ  သိရှိလိုက်နာသင့်သည့် အချက်များကို  သိရှိနိုင်စေရန်အတွက်  လူငယ်စကားဝိုင်းကို  ဇွန်လ(၂၆)ရက်၊ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က   ဒိုင်းပြကျေးရွာ    အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမဆောင်၌ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်း၌  လှိုင်းဘွဲမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း  ဥက္ကဌ  ဦးဌေးဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး    မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊    မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က လူငယ်စကားဝိုင်းများ ပြုလုပ်ကျင်းပရခြင်း၏  ရည်ရွယ် ချက်များကို  ရှင်းပြခဲ့ပြီးနောက် ဒိုင်းပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ Grade-11 တွင်တက်ရောက် ပညာသင်ယူနေကြသည့် စောသန်းလင်းထက်က မူးယစ်အစဆေးလိပ်က၊ ဆေးပေါ့လိပ်၊ ဆေးတံ၊ဆေးပြင်း လိပ်နှင့် စီးကရက်များ၏ဆိုကျိုးအန္တရာယ်များအကြောင်း၊ နန်းသဲနော်ဇာက ယနေ့ခေတ်လူ ငယ်များအကြား တွင်ရေပန်းစားနေသည့်(ဘိတ်)ခေါ် အီးစီးကရက်များ၏   ဆိုးကျိုးအန္တရာယ်များအကြောင်း၊  နန်းဝေဝေခိုင်က    ကွမ်းယာစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်သည့်ရောဂါများအကြောင်း၊ နန်းဝင်းပပက သေရည်အရက်၏    ဆိုးကျိုးအန္တရာယ်များနှင့်မူးယစ်ဆေးဝါး အုပ်စု(၅)မျိုးအကြောင်း၊ နန်းအေးမြပြည့်စုံက မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု၊ သုံးစွဲထားသူများ၏ ရုပ်လက္ခဏာများ၊ ဆိုးကျိုးများ၊ ယနေ့ခေတ် Happy water များ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်ကြသည့် ကျောင်းသား၊ကျောင်းသူလေးများက   သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ကြပြီး မေးခွန်းနှင့်သက်ဆိုင်သည့် ဌာနအသီးသီးက ပြန်လည်ဖြေကြားဆွေးနွေး ပေးခဲ့ကြပြီးနောက် လူငယ်စကားဝိုင်း၌ ပါဝင်ဆွေးနွေးပေးကြသည့် ကျောင်းသား၊ကျောင်းသူများကိုအမှတ်တရ ဆုငွေများပေးအပ်ခဲ့ပြီး၊  မေးမြန်းဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ လေးများအား  အမှတ်တရ ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေသည့်    ၂၀၂၆ခုနှစ်၊အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့    အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ၊မြို့နယ်ပြန်/ ဆက်ဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် နံရံကပ်စာစောင် များအား ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)