ပခုက္ကူတက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်း ပြုလုပ်

ပခုက္ကူ ဇွန် ၂၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတပြည့်စုံစေရေး ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာအုပ်၊ စာပေကောင်းများ ဖတ်ရှုလေ့လာတတ်ကြစေရန်၊ ဖတ်ရှုလေ့လာထားသော အသိပညာဗဟုသုတများကို အချင်းချင်းကြားအပြန်အလှန်မျှဝေဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများမွေးမြူပေးခြင်းဖြင့် စကားပြောစွမ်းရည်ကျွမ်းကျင်တတ်မြောက်လာစေရန်၊ လူအများရှေ့တွင်ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်ခြင်းဖြင့် လူငယ်များအကြား ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်ကြစေရန်၊ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်မှု၊ လက်ခံထားရှိမှုမရှိစေရေးရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ  ဓာတုဗေဒဌာနမှပါမောက္ခ(ဌာနမှူး) ဒေါက်တာတင်ထွေးမူက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ပြီး သမိုင်းဌာနမှပထမနှစ်ကျောင်းသား မောင်ဝေမင်းခန့်၊ ဓာတု‌ဗေဒဌာနမှ ပထမနှစ်ကျောင်း သား မောင်ဇွဲထက်အောင်၊ ရူပဗေဒပညာဌာနမှ ပထမနှစ်ကျောင်းသား မောင်မင်းသန့်နိုင်၊ သင်္ချာဌာနမှ စတုတ္ထနှစ်ကျောင်းသား မောင်အောင်ခိုင်မြင့်၊ ဥပဒေပညာဌာနမှ ပဉ္စမနှစ်ကျောင်းသား မောင်မိုးယံကိုကို၊ ဘူမိဗေဒဌာနမှ ဒုတိယနှစ်(ဂုဏ်ထူးတန်း) ကျောင်းသား မောင်ကောင်းမြတ်ကျော်တို့က “လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်” ခေါင်းစဉ်ဖြင့် ကဏ္ဍအလိုက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်

ဘာမီသာ(ပခုက္ကူ)