ထားဝယ်မြို့၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ထားဝယ်    ဇွန် ၂၇

ယနေ့တွင်ကျရောက်သည့်ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  Polytechnic University (Dawei) တွင်ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းက ကမ္ဘာ့အအေး ပေးပစ္စည်းများနေ့အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၉ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ် ကမ္ဘာ့အအေး ပေးပစ္စည်းများနေ့ရဲ့ဆောင်ပုဒ်မှာ "ခေတ်မီဆန်းသစ် အအေးပေးနည်းစနစ်၊ ဉာဏ်ပညာဖြင့်စွမ်းရည်မြှင့် Cool Intelligence" ဖြစ်ကြောင်း၊ လူသားများ၏နေ့စဉ်လူနေမှုဘဝတွင် ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် မရှိမဖြစ် အရေးပါလာကြောင်း၊  အအေးပေးစနစ်ဆိုင်ရာစွမ်းဆောင်သူများဖြစ်သည့် မျိုးဆက်သစ် အင်ဂျင်ယာများ၊ ပညာရှင်များ၊ သုတေသနပညာရှင်များ၊ သင်တန်းဆရာများ၊ မူဝါဒဆိုင်ရာ ကျွမ်းကျင်သူများ၊ စီမံခန့်ခွဲမှုနယ်ပယ်မှ ပညာရှင်များက ခေတ်သစ်လူနေမှုဘဝအတွက် မရှိမဖြစ်လို အပ်သော ပတ်ဝန်းကျင်အပူချိန်ထိန်းညှိထားနိုင်သည့် အအေးပေးစနစ်ဆိုင်ရာ လုပ်ငန်းများအတွက် အရေးပါသူများဖြစ်ကြောင်း၊ အိုဇုန်းလွှာနှင့်ရာသီဥတုပြောင်းလဲမှုကို ထိခိုက်မှုမရှိသော ထုတ်ကုန် ပစ္စည်းများကို ဝယ်ယူအသုံးပြုရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်ခိုင်ဇာသွယ်က ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့အအေး ပေးပစ္စည်းများနေ့အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကမ္ဘာပေါ်တွင် အအေးပေးပစ္စည်းများ အသုံးပြုမှုအခြေအနေ၊ အအေးပေးဒြပ်ပစ္စည်းအမျိုးမျိုး၊ အအေးပေးဒြပ် ပစ္စည်းများအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ဆိုးကျိုး များကိုကာကွယ်ရန် နိုင်ငံတကာ၏ ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံ၏ပါဝင်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံတွင် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများတင်သွင်းအသုံးပြုမှုနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များ၊ အအေးပေး ပစ္စည်းများ အသုံးပြုရာတွင် လိုက်နာရမည့်အချက်များစသည်တို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍"ခေတ်မီဆန်းသစ်အအေးပေးနည်းစနစ် ဥာဏ်ပညာဖြင့်စွမ်းရည်မြှင့်၊ ခေတ်မီအအေးပေး နည်းပညာအကြောင်း သိကောင်းစရာများ" ခေါင်းစဉ်များဖြင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဆရာ/မများ၊ ကျောင်းသား/သူများအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)