မော်လိုက် ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ဇွန်လ(၂၆)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က အ.ထ.က ကျောင်းစုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီ ဥက္ကဋ္ဌ ဦးနေထွန်းအောင်ကအဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးအောင်ကိုဌေးက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းများနှင့် မီးငြှိမ်းသတ်နည်းအဆင့်အဆင့်များကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဦးစီးမှူးဦးကျော်ဇင်သက်တို့က မြေပြိုဘေး၊ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေးစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိ ကောင်းစရာများကိုလည်းကောင်း ပရိုဂျက်တာဖြင့်ပြသ၍ အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ကြသည်။
ယင်းနောက် မီးဘေးအန္တရာယ်လက်ကမ်းစာ စောင်များနှင့်ရေဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
ကိုထက်(ပြန်/ဆက်)