ဟင်္သာတမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကွင်းဆင်း ဆောင်ရွက်ပေးခြင်း အခမ်းအနားကျင်းပ

ဟင်္သာတ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သုံးပင်ကွင်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဘုရင့်နောင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ မပြုလုပ်ရသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်း အခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက နိုင်ငံတော်အစိုးရအသစ်၏ ရက်(၁၀၀)စီမံချက်အတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍပေါင်းစုံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့တွင်လည်းကျောင်းသားလူငယ်များအတွက် ခရိုင်နှင့်မြို့နယ်လဝကဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇင်ဝင်းက အစိုးရရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရရှိသေးသူတွေကို မြို့နယ်ဦးစီးမှူးရုံးများမှာ  ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးနေကြောင်း၊ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ကျောင်းသူများအတွက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများအား ဇွန်(၁)ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းဦးစီးမှူး(ညွှန်ကြားရေးမှူး) ဦးအောင်မျိုး၊ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇင်ဝင်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်မြင့်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများကိုယ်စား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းဦးစီးမှူးနှင့်ခရိုင်နှင့်မြို့နယ်အဆင့်တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးဦးဖြိုးဝေအောင်နှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးနေမှုတို့အား  လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)