ထားဝယ် ဇွန် ၂၇
(၃၉)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကိုယနေ့နံနက် ၈ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တား ဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးရန်ကြီးအောင်က ယနေ့ကျင်းပပြုလုပ်သည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ဖြစ်ပေါ်လာရခြင်းမှာ ၁၉၈၇ ခုနှစ်၊ ကုလ သမဂ္ဂ အထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါးတိုက် ဖျက်ရေးနေ့အဖြစ်သတ်မှတ်ခဲ့သော ကြောင့်ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာ နိုင်ငံတွင် နှစ်စဉ်ကျင်းပခဲ့သည်မှာ (၃၉)ကြိမ် ရှိပြီဖြစ်ပြီးမြန်မာနိုင်ငံတစ် ဝန်းလုံးရှိ တိုင်းဒေသကြီး/ ပြည်နယ်အသီး သီးတွင်လည်းတစ်ချိန်တည်း၊ တစ်ပြိုင် တည်း ကျင်းပ လျက် ရှိကြောင်း၊တိုင်းဒေသကြီး အတွင်းသို့ နည်းလမ်းမျိုးစုံဖြင့်ရောက်ရှိလာသော မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များကိုတပ်မ တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်သိ ပြည်သူများကသက်ဆိုင်ရာနယ်မြေအလိုက်စီမံချက်များရေးဆွဲပြီး နေ့စဉ်ဖမ်းဆီးအရေးယူဆောင် ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ရေးအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့များကို တိုင်းဒေသကြီးအဆင့်မှ ခရိုင်/ မြို့နယ်/ ရပ်ကွက်အဆင့်ထိ ဖွဲ့စည်း ထားရှိပြီးမူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် အဂတိကင်းစွာဖြင့် ပူးပေါင်းဆောင် ရွက်ကြရန်လိုအပ်ကြောင်း၊ လူငယ်ထုအတွင်းမူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးအတွက်အခြေခံ ပညာကျောင်းများကိုဗဟိုပြုပြီး တက္ကသိုလ်ကောလိပ်များ၊ သင်တန်းကျောင်းများကိုပါ စဉ်ဆက်မပြတ် အသိပညာ ပေးဟောပြောပွဲများ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်စေ ရေး အတွက်တနင်္သာရီတိုင်းဒေသကြီး မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ကတွန်းအားပေး ကြီးကြပ်ဆောင် ရွက်သွားရန်မှာကြားလိုကြောင်း၊ပြည်သူ လူထုအနေဖြင့် တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်သုံးစွဲမှုမရှိစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်လိုအပ် ကြောင်းပြောကြားသည်။
ထို့နောက်(၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာကို တနင်္သာရီတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးတိုး ဝင်းကဖတ်ကြားပြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယို အား ပြသသည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ ကအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာပေ၊ ဂီတပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား/သူများနှင့် မူးယစ်တားဆီးကာ ကွယ်ရေးလုပ်ငန်းများတွင်စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဆုချီးမြှင့်ပြီး ခန်းမအတွင်းပြသထားသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)