ဟင်္သာတမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ဟင်္သာတ     ဇွန်     ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ "မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး" ပြည်သူ့စကားဝိုင်း (Public Talk) ကို ဇွန်လ ၂၅ ရက်၊ နံနက် ၉ နာရီက ဥယျာဉ်မြောက်ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း  ဟင်္သာခန်းမတွင်  ကျင်းပခဲ့သည်။ ရှေးဦးစွာ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့ စကားဝိုင်းကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမာက အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။

ဆွေးနွေးပွဲတွင် ဟင်္သာတမြိုနယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဌေးက ဟင်္သာတမြို့နယ်အတွင်း ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုများ၊ ယနေ့အချိန်ခါတွင် မိမိတို့ဒေသတွင်း မူးယစ်ဆေးဝါးဝင်ရောက်လာမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲနေသူများ၊ ရောင်းဝယ်နေမှုများကို ပြည်သူများ၏ သတင်းပေးချက်အရ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဖမ်းဆီးအရေးယူခဲ့မှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်ဇင်မာကြည်က မူးယစ်ဆေးဝါး လက်ဝယ် ထားရှိခြင်း၊ သုံးစွဲခြင်း ကြောင့် ကျခံရမည့် ပြစ်မှု ပြစ်ဒဏ်များနှင့် ထုတ်ပြန်ထားသော ဥပဒေများကိုလည်းကောင်း၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က မူးယစ် ဆေးဝါးများတွင် ပါဝင်သည့် ပစ္စည်းအမျိုးအစားများနှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးမှုများ၊ ဆေးစွဲသူများအတွက် ပြန်လည်ကုသရေးအစီအစဥ်များကိုလည်းကောင်း၊ ကျောင်းအုပ် ဆရာကြီး ဦးကျော်သူဝင်းက ကျောင်းသား/သူများကို သက်ဆိုင်ရာ အတန်းအလိုက် မူလတန်းအဆင့်မှစ၍ မူးယစ်ဆေးဝါးကို သင်ကြားရေးနှင့်ဆက်စပ်သည့် သင်ရိုးညွှန်းတမ်းပြဌာန်းထားမှုများကိုလည်း ကောင်း၊ မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ကျောင်းသား/သူများကို ပစ်မှတ် ထားရောင်းချနေသည့် မူးယစ်ဆေးဝင်ရောက်မှု အခြေအနေများနှင့် မူးယစ်ဆေးအမျိုးမျိုးတို့၏ သုံးစွဲသူအပေါ်မူတည်၍ အမြင်များကွဲပြားပုံ၊ ဖမ်းဆီးနှိမ်နှင်းခြင်းများရှိနေသော်လည်း ကာကွယ် တားဆီးရေးလုပ်ငန်းများကို နိုင်ငံတော် ၊ပြည်သူ၊ မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းရမည့် အခြေ အနေများကိုလည်းကောင်း၊ လူငယ်များကိုယ်စား မစံနန်းထက်က မူးယစ်ဆေးဝါးဆက်စပ်သည့် ဆေး လိပ်၊ အရက်ကို လူငယ်များပတ်ဝန်းကျင်တွင် မရောင်းချရန်နှင့် ဘားများ၊ ကလပ်များတွင် အသက်မပြည့်သေးသည့် လူငယ်များ ဝင်ထွက်သွားလာမှုကို ကန့်သတ်ပိတ်ပင်ရန်၊ နိုင်ငံတော်မှ ပညာပေးဇာတ်လမ်းများတွင် လူငယ်များ အရက်သောက်ခြင်း၊ ကလပ်တက်ကာ မူးယစ်ရမ်းကား မှုများ၊ မူးယစ်ဆေးသုံးကာ အုပ်စုဖွဲ့ ဗိုလ်ကျအနိုင်ကျင့်သည့် ပြကွက်များကို လျှော့ချသင့်ပါကြောင်း၊ လူငယ်များ၏ အကျင့်စရိုက်များ ယိုယွင်းလာမှုများကို မိဘ၊ ဆရာ၊ တာဝန်ရှိသူများက အချိန်မီ ကာကွယ်တားဆီးပေးကြရန်နှင့် လူငယ်များအတွက် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးသင့် ပါကြောင်း ဆွေးနွေးကြပါသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား/သူ၊ ဆရာ/ မ များက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

ဆွေးနွေးပွဲအပြီးတွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေခြင်းနှင့် အသိပညာပေး စာအုပ်စာစောင်များကို ပြသထားရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)