မုံရွာမြို့၌ World MSME Day အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း ထုတ်ကုန်များ စျေးရောင်းပွဲတော် ဖွင့်လှစ်

မုံရွာ ဇွန်  ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ဦးစီး၍ World MSME Day အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းထုတ်ကုန်များ စျေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီက မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ ဥယျာဥ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများသည် ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအကတို့ဖြင့် အလေးပြုဂုဏ်ပြု သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီးဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်နှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဆန်းဝင်းတို့က World MSME Day အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ စျေးရောင်းပွဲတော် မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ ဆက်လက်ပြီး စျေးရောင်းပွဲတော်တွင် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများကို ရောင်းချပေးနေမှုတို့အား လှည့်လည်ကြည်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စျေးရောင်းပွဲတော်သို့ လာရောက်ဝယ်ယူသူများအနေဖြင့် စားသောက်ရေးအဆင်ပြေစေရန် စားသောက်ဆိုင်များ၊ မုန့်အရောင်းဆိုင်များကိုလည်း ရောင်းချနိုင်ရေးစီစဥ်ထားရှိသည့်အပြင် ပွဲတော်လာပရိသတ်နှင့်အတူ ကလေးများပျော်ရွှင်စေရန်အတွက် ပျော့အိအိကစားနည်းများ၊ ချားရဟတ်များ၊ ပျော်ရွှင်ဖွယ်ကစားနည်းမျိုးစုံကိုလည်း ထည့်သွင်းစီစဥ်ပေးထားကာ ပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)