ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံစက်ချုပ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

ကန်ကြီးထောင့် ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခြေခံစက်ချုပ်ပညာသင်တန်းကို မေလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။

 ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုးက သင်တန်းတွင် ပထမဆုရရှိသော သင်တန်းသူအားလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသော အကြီးအကဲများက ခင်းကျင်းပြသထားသော သင်တန်းသား၊ သင်တန်းသူများ၏ စက်ချုပ်လက်ရာများအား လှည့်လည်ကြည့်ရှုခဲ့ကြရာ သင်တန်းသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ အဆိုပါသင်တန်းအား ကျေးလက်ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်လာစေရန်နှင့် တစ်နိုင်တစ်ပိုင်ကိုယ်ထူကိုယ်ထလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)