မုံရွာမြို့၌ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မုံရွာ ဇွန် ၂၇

၂ဝ၂၆ခုနှစ် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက မူးယစ်သားကောင်တွေကို ညှာတာထောက်ထားပြီး လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေး ဝိုင်းဝန်းပံ့ပိုးနှစ်သိမ့်ဆွေးနွေးပေးကြစေကြောင်း၊ အားနည်းသူကိုကူညီပြီး အားငယ်သူတွေကို လက်ကမ်းပေးကြရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်မူးယစ်ဆေးဝါး ထုတ်လုပ်/သယ်ဆောင်/ ရောင်းဝယ်မှုများကိုတားဆီးနှိမ်နင်းရေးဆောင်ရွက်ရာမှာ ဆက်စပ်ပါဝင်တဲ့ ဌာနဆိုင်ရာများနှင့်တရားစွဲအဖွဲ့အစည်းတွေ၊ ဥပဒေဆိုင်ရာပညာရှင်တွေ၊ တရားရေးဆိုင်ရာတာဝန်ရှိသူတွေမှ အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များချမှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြစေကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးနဲ့ ပြည်သူလူထုများကလည်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ဘက်ပေါင်းစုံမှပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် မူးယစ်ကင်းစင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ မီဒီယာနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက အလေးအနက်ဆောင်ရွက်ပေးကြပါလို့တိုက်တွန်း အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာအား စစ်ကိုင်းတိုင်းဒေသကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စိုးက ဖတ်ကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်နှင့် တာဝန်ရှိသူများသည် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယို ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ပညာရှင်များနှင့် မူးယစ်တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုုမှတ်တမ်းလွှာများ၊ဂုဏ်ပြုဆုငွေများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို လက်ဝယ်အရောက်ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။ ယင်းနောက် အခမ်းအနားအပြီးတွင် အဆိုပါမုံရွာမြို့တော်ခန်းမအတွင်း ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)