ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

ပဲခူး ဇွန် ၂၇

(၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်သူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ် ရေးဆွဲထုတ်ပြန်ခဲ့ပြီး မူဝါဒကိုအထောက်အကူပြုမည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကိုလည်းရေးဆွဲခဲ့ပြီးဖြစ်ပါတယ်။ မဟာဗျူဟာစီမံချက်ကို လမ်းညွှန်မူဘောင်တစ်ခုအနေနဲ့သတ်မှတ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက်(Action Plan)များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရများ၏ ဦးဆောင်မှုကဏ္ဍသည်လည်း အမှန်တကယ်အရေးပါသည့် လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီး ဒေသဆိုင်ရာအစိုးရအဖွဲ့များကဦးဆောင်၍ ပြည်သူလူထုအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်မြှင့်ဟန်ချက်ညီညီဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေနဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့အထိ အမှုပေါင်း ၃၂၄ မှုမှ တရားခံကျား ၃၇၆ ဦး၊ မ ၈၈ ဦး၊ ပေါင်း ၄၆၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘိန်းဖြူ ၇၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇ သိန်းကျော်၊ ဆေးခြောက် ၂၈၉ ကီလို ကျော်၊ အိုက်စ် ၂၄၀၀ ကီလိုကျော်၊ ကတ်တမင်း ၈၁ ကီလိုကျော်၊ စိတ်ပြောင်း ဆေးဝါး (Happy Water) ၄.၅ ကီလို၊ ဘိန်းစာရွက်(အစို) ၆.၁ ကီလို စုစုပေါင်း တန်ဘိုး မြန်မာငွေကျပ် ၁၇၀ ဘီလီယံကျော် ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ထူးခြားမှုအနေဖြင့်မူးယစ်ဆေးဝါး ဘိန်းဖြူ၊ စိတ်ပြောင်းဆေးဝါး (ကတ်တမင်းနှင့် Happy Water) တို့အား အများအပြားဖမ်းဆီးရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများကို လျှို့ဝှက်သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေကြတဲ့အတွက် တားဆီးနှိမ်နင်းရေးအဖွဲ့များနှင့်အတူ မိဘပြည်သူများက ကူညီလက်တွဲဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုကဖတ်ကြားခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုအား တိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ကြည့်ရှု့ခဲ့ကြသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူတို့အား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး တိုင်းဒေသကြီး၊ တရားလွတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများကလည်ကောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တို့အား တိုင်းဒေသကြီး ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးတို့မှ ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)