ဇီးကုန်း ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် အသက်(၁၀၀) နှစ်နှင့် အထက်သက်ကြီးရွယ်အိုများအား ထပ်ဆောင်း ထောက်ပံ့ငွေ ထောက်ပံ့ခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်မှ စတင်၍ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်နှင့် အမျိုးသမီး ရေးရာအဖွဲ့ဝင်များက ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလ အသက် (၁၀၀)နှစ်နှင့် အထက်အဘိုးအဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေ (၃၀,၀၀၀)ကျပ်ကို မြို့နယ်အတွင်းရှိ အဘိုး အဘွား (၅)ဦးကို လည်းကောင်း၊ အသက်(၈၅)နှစ်နှင့်အထက်အဘိုးအဘွားများအား လူမှုရေးပင်စင် (၃၀,၀၀၀) ကျပ်ကို လည်းကောင်း ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်း အစီအစဉ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပထမ သုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် တစ်ဦးကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် လူမှုရေး ပင်စင် (၃၀,၀၀၀) ကျပ်ကို ထောက်ပံ့ခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၆၆၀)ဦးအား ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆက်လက် ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)