မော်လမြိုင်ကျွန်း ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားစေရန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်သည့် ကျန်းမာရေးအဆင့်မြှင့်ကျောင်း (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မဟာဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာ၌ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းမှရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချဆောင်ရွက်ကြရန် ဆရာ/ဆရာများအား တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကျောင်းသား၊ ကျောင်းသူများအကြား ကျန်းမာရေးအသိပညာများ တိုးပွားလာစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးတို့အတွက် သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းက သင်တန်းတက်ရောက်သူများအား သင်တန်းကာလအတွင်း စနစ်တကျတက်ရောက်သင်ယူကြရန်၊ သင်တန်းမှရရှိသည့် ဗဟုသုတများကို သက်ဆိုင်ရာကျောင်းများတွင် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးကြရန်နှင့် ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အားပေးတိုက်တွန်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ကျောင်းကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ ဘာသာရပ်များကို ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများက သင်တန်းသား/သူ (၂၃၀) ဦးအား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)