မယ်စဲ့မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကျပ်သန်းပေါင်း ၂၁၁ သန်းကျော်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်

မယ်စဲ့ ဇန်နဝါရီ ၂၂                                                    

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်က ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးစောနေခလီးက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သိမ့်တွယ်တာက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၂၁၁.၁၉ သန်းဖြင့် ဂါလံတစ်သိန်းဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် စက်ယန္တရားများ ထားရှိရန်အတွက် ကားဂိုဒေါင်(၂)လုံး တည်ဆောက်ခြင်းလုပ်ငန်း၊ ပိတောက်လမ်း ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဗိုလ်ချုပ်လမ်း ကျောက်စီ ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းနှင့် ပလက်ဖောင်းတည်ဆောက် ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် အောင်မောင်း ကုမ္ပဏီ၊ ငွေနှင်းတောင်ကုမ္ပဏီနှင့် သီရီဒေါစဲကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်ဝရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစောနေခလီးထံမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)