မြောင်းမြခရိုင် Community  Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

မြောင်းမြ ဇွန် ၂၆

ဧရာဝတီတိုင်းသေကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂း၀၀) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းနွဲ့သိင်္ဂီက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်လွင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအား power point နှင့်တကွ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိ ဒေါ်မြင့်မြင့်ခိုင်က မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကတ်စာစောင်များနှင့် စာအုပ်စာစောင်များအား အခမ်းအနားတက်ရောက်လာသည့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)