၂၀၂၆ ခုနှစ်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) အသက် (၂၅) နှစ်နှင့်အောက် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

သာပေါင်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) ၂၀၂၆ ခုနှစ်၊ အသက် (၂၅) နှစ်နှင့်အောက် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး ဘောလုံးအားကစားအသင်းများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု၊ စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်တို့က အားကစားပစ္စည်းဘောလုံးများပေးအပ်ကာ အားကစားအသင်းများမှ စစ်ကြောင်းပုံဖြင့်ချီတက်အလေးပြု၍ အားကစားကွင်းမှ ပြန်လည်ထွက် ခဲ့ကြသည်။

ထို့နောက် လှေကြီးတက် ဘောလုံးအသင်းနှင့် ဒည်ကုန်းဘောလုံးအသင်း အားကစားသမားများ‌ နေရာယူပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု၊ စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်တို့က အားကစားသမားများအား လိုက်လံနှုတ်ဆက်ကာ ကျောင်းသူလေးများက ဂုဏ်ပြုပန်းစီးများ ပေးအပ်ခြင်း၊ ဘောလုံးအားကစားအသင်းများ နေရာယူဂါရဝပြုကြသည်။

ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က ကွင်းအတွင်းသို့ ဘောလုံးကန်သွင်း၍ ပြိုင်ပွဲစတင်ကာ ဖွင့်ပွဲအခမ်းအနားပြီးစီး၍ လှေကြီးတက်ဘောလုံးအသင်းနှင့် ဒည်ကုန်းဘောလုံးအသင်းတို့ ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး