မြန်အောင်မြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စုတွင် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုး‌မြေမြုပ်ပွဲကျင်းပ

မြန်အောင် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုး‌မြေမြုပ်ပွဲအခမ်းအနားကိုယမန်နေ့နံနက်က မြန်အောင်မြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၊ ဒေါင်းကုန်းကျေးရွာ အနီး ကွင်းအမှတ် ၄၈၆၊ ဦးပိုင်အမှတ် ၆၆/၃ တောင်သူ ဦးသက်နိုင်ဝင်း၏ လယ်မြေ(၂) ဧက၌ ကျင်းပပြုလုပ်သည်။

လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့်အချိန်တိုကာလအ တွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့်သစ် ဆွေးဓာတ်များရရှိနိုင်ပြီး လယ်ယာမြေအတွင်းရှိပေါင်းပင်များကို နှိမ်နင်းနိုင်ခြင်းနှင့်အကျိုးပြုအနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြု သက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်းထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရှိ ရသည်။

သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုး‌မြေမြုပ်ပွဲအခမ်းအနားသို့ မြန်‌အောင်ခရိုင် စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့၊ ခရိုင်‌မြေစာရင်းဦးစီးဌာနမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းစိုးဦး၊ ဦးမြင့်နိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ထည့်သွင်းခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)