ဇီးကုန်း ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လည် ၂နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးက အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်မှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်း နှင့် စံပြကျေးရွာဆုရွေးချယ်ရေး အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ကျေးရွာ ကော်မတီများက စီမံကိန်းလက်စွဲပါညွှန်ကြားချက် စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ရေး၊ ရန်ပုံငွေခွဲဝေ ထုတ်ချေးမှု ဆိုင်ရာများ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အားနည်းချက် အားသာချက် များကို တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်မှ ဆွေးနွေးအကြံပြုချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေး ပေးခဲ့သည်။
ထို့နောက် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ မြစိမ်းရောင် ကျေးရွာ စီမံကိန်း “စံပြ ကျေးရွာဆု”ကို ချောင်းသာယာ ကျေးရွာမှလည်းကောင်း၊ “စာရင်း ဇယား ပြုစုမှုအကောင်းဆုံးဆု”ကို ပေါက်တောလေး ကျေးရွာမှ လည်းကောင်း၊ “စည်းလုံး ညီညွတ်စွာဆောင်ရွက်မှုအကောင်းဆုံးဆု”ကို သစ်ဖြူကွင်းကျေးရွာမှလည်းကောင်း အသီးသီး ရရှိခဲ့ရာ တာဝန်ရှိသူများက ဆုရရှိသောကျေးရွာများအား ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် လက်ဆောင် ပစ္စည်း များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)