ကန်ကြီးထောင့် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုး ပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက တကုန်းကြီးကျေးရွာအုပ်စု၊ တကုန်းကြီး ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဝင်းက အဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးနိုင်က ကျောင်းသား၊ ကျောင်းသူ များအား စာပေများပိုမိုဖတ်ရှုကြရန်နှင့် ဆွေးနွေးမှုများအား စိတ်ပါဝင်စားစွာဖြင့် လိုက်လံလေ့လာမှတ်သားကြရန်ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ ဆရာမဒေါ်ကလျာစောမြတ်မွန်က ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး Grade-11မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် ကိုယ်ကျင့်တရား၊ ရှောင်လေဝေးဝေးမူးယစ်ဆေး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ လူငယ်နှင့် ယဉ်ကျေးမှု စသည့် ခေါင်းစဉ်များအား အသီးသီး ဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးက လူငယ်စကားဝိုင်းကျင်းပပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားအား ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)