ဒေးဒရဲမြို့၌ အ​ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဒေးဒရဲ ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊လူငယ်များအသိပညာတိုးပွားစေရေးနှင့် သတိထားရှောင်ကြဥ်ရမည့် မူးယစ်ဆေးဝါး အန္တရာယ်များကို သိရှိနိုင်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများအား ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနားလည်နိုင်စေရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲမှူး အောင်မြင့်ခိုင်က မူးယစ်ဆေးဝါး စတင်ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဥ်နိုင်ဖွယ်အချက်များ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး စာအုပ်စာစောင်များ၊ ဓာတ်ပုံများနှင့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာခဲ့ကြကြောင်း သိရသည်။

အေဇာလင်း