လက်ပံတန်း ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့ဝင်များက မြို့မရပ်ကွက်၊ မင်းရပ် ရပ်ကွက်၊ ကျွန်းကလေး ကျေးရွာအုပ်စု သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရာအိမ်မှူး ဆယ်အိမ်မှူးနှင့် ရပ်မိရပ်ဖများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းများအားသိရှိနိုင်စေရန်၊ ၆၆/၆ရှိသည့် အိမ်ထောင်စု တစ်စုလျှင် အိမ်ထောင်စုဝင်ကိုယ်စားလှယ်တစ်ဦး စာရင်း ပေးသွင်း ပြီး ၄င်းမှ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်း ပြီးဆုံးချိန်အထိ တစ်ဦးတည်းဖြစ်ရမည်ဖြစ်ကြောင်း၊ ကြီးကြပ် ရေးအဖွဲ့ ရွေးချယ်ပုံအဆင့်ဆင့် ရာအိမ်မှူး၊ဆယ်အိမ်မှူး ရွေးချယ်ရာတွင်သတ်မှတ်ချက် (၉)ချက်နှင့် ရွေးချယ်ဆောင်ရွက် ရန် ရွေးချယ်ပွဲများ ပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းနှင့် ဌာနဆိုင်ရာ များက အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးခြင်းများကို လက်ပံတန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၃) အုပ်စုသို့ ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့(၉)ဖွဲ့ဖြင့် ကွင်းဆင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး