လက်ပံတန်းမြို့နယ်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သတ်၍ ညှိနှိုင်းပေါင်းစပ်အစည်းအဝေးကျင်းပ

လက်ပံတန်း ဇန်နဝါရီ  ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း များအား သက်ဆိုင်ရာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ၊လမ်းကော်မတီများနှင့် ညှိနှိုင်း ပေါင်းစပ် အစည်း အဝေးကို ယမန်နေ့ နေ့လယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမျိုးအောင်တို့က အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်စန်းနွဲ့ကြည်က  ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှ မိတ်ဆက်ခြင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ခြင်း၊ ကျေးရွာပြည်သူများမှ မိမိတို့ဒေသတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်သည်များကို မေးမြန်းဆွေးနွေး ခဲ့ကြ ကြောင်းသိရသည်။

ညှိနှိုင်းပေါင်းစပ် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကြိုင်၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်း၊ ဌာန ဆိုင်ရာများ၊ တင်ဒါအောင် ကုမ္ပဏီများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လမ်းကော်မတီများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင့်နန္ဒာဌေး