ငွေဆောင်မြို့၌ သန္တာကျောက်တန်းနှင့် ကမ်းရိုးတန်းဒေသဂေဟစနစ် ထိန်းသိမ်းစောင့် ရှောက်ရေး ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ငွေဆောင်   ဇွန်  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ MPRL A-6 Limited ကုမ္မဏီ၏ CSR လုပ်ငန်း အဖွဲ့မှ ဦးဆောင်၍ “သန္တာကျောက်တန်းနှင့် ကမ်းရိုးတန်းဒေသဂေဟစနစ် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကို ယမန်နေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ Ngwe Saung Yacht Club & Resort ၌  ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ၊ ပုသိမ်တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်မှ ပါမောက္ခများ၊ MPRL A-6 Limited ကုမ္မဏီမှတာဝန်ရှိသူများ၊ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တာဝန်ခံများ၊ တည်းခိုခန်း လုပ်ငန်းရှင်များ၊ အပျော်စီးအမြန်ရေယာဉ်ငယ်အသင်းဝင်များ၊ ရေလုပ်ငန်းပိုင်ရှင်များ၊ ရေလုပ်သားခေါင်းဆောင်များ၊ အမှတ်တရပစ္စည်းရောင်းချသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးဝင်းမင်းကိုက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ်းရိုးတန်းဒေသ ထိန်းသိမ်းရေးဆိုင်ရာ မျှော်မှန်းချက်နှင့် ဒေသန္တရအစိုးရပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် MPRL A-6 Limited ကုမ္မဏီမှ (Head of corporate sustainability) ဒေါ်ဝတ်မှုံတင်လတ်မှ အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ သန္တာကျောက်တန်းထိန်းသိမ်းရေး စမ်းသပ်စီမံကိန်း ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များကို ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် မြိတ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနမှ ပါမောက္ခနှင့်ဌာနမှူး ဒေါက်တာချယ်ရီ အောင်က ရာသီဥတုများအကျပ်အတည်းနှင့် သန္တာကျောက်တန်းများ ရှင်သန်မှုခေါင်းစဥ်ဖြင့်လည်းကောင်း၊ Worldview International Foundation မှ သုတေသနမန်နေဂျာ ဦးဌေးအောင်ကဒီရေတောများ ပြန်လည်ထူထောင်ခြင်းနှင့် မျိုးစိတ်များထိန်းသိမ်းခြင်းခေါင်းစဥ်ဖြင့် လည်းကောင်း၊ Myanmar Ocean  Project မှ Founder & Director ဒေါ်သန္တာကိုကြီးမှ စွန့်ပစ်၊ ကျန်ရစ်၊ ပျက်စီးသွားသော ငါးဖမ်းကိရိယာများ၏ အန္တရာယ်နှင့် ၎င်းတို့ကို ရှာဖွေဖယ်ရှား ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ Myanmar Dive Center မှ ဦးစည်သူအောင်က ဒေသခံရေငုပ်သမားများကို စွမ်းရည်မြှင့်တင်ပေးခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပုသိမ်တက္ကသိုလ်၊ အဏ္ဏဝါ သိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာခင်မေချစ်မောင်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ဟန်ချက်ညီစေခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပုသိမ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်အောင်ထိုက်က ကမ်းရိုးတန်းဂေဟစနစ်ထိန်းသိမ်းရေးတွင် ပင်လယ်မြက်နှင့် ပင်လယ်ရေမှော်များ၏ အခန်း ကဏ္ဍခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြိတ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနမှ လက်ထောက်ပါမောက္ခ ဒေါက်တာအောင်အောင်အေးက ကမ်းရိုးတန်းဒေသကာကွယ်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်း သိမ်းရေးအတွက် ကမာကျောက်တန်းများ ပြန်လည်ထူထောင်ခြင်းနှင့် သဘာဝအခြေပြုဖြေ ရှင်းမှုနည်းလမ်းများ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် တက်ရောက်လာသူများက သန္တာကျောက်တန်းနှင့် ကမ်းရိုးတန်းဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများနှင့်ပက်သက်၍ အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပြီး အကြံပြုလို သည့်အချက်များကို ဆွေးနွေးတင်ပြ ခဲ့ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးသန်းမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာသူများအားလုံး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် သန္တာကျောက်တန်းများနှင့် ကမ်းရိုးတန်းဒေသဂေဟ စနစ်များကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများတိုးပွားလာစေရေး နှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်နိုင်ရေးအတွက်ရည် ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး ( ပြန် / ဆက်)