ဓနုဖြူမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းဖွင့်လှစ်

ဓနုဖြူ ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေတောင်သူများ ခေတ်မီမွေးမြူရေးစနစ်များ ဖွံ့ဖြိုးလာစေရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေသြဇာပြုလုပ်ခြင်း သင်တန်းကို ယမန်နေ့ညနေပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအိချိုဇင်က ဓနုဖြူမြို့နယ်အတွင်း မွေးမြူသူတောင်သူများ၏ တိရစ္ဆာန်ထွက် စွန့်ပစ်ပစ္စည်းများအား စနစ်တကျစုစည်း၍ သဘာဝမြေသြဇာအဖြစ် ပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်လျော့ချနိုင်စေရန်၊ ကျေးလက်နေတောင်သူများအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် စီးပွားဖြစ်မွေးမြူထုတ်လုပ်မှု မြှင့်တင်နိုင်ရေး၊ တိရစ္ဆာန်စွန့်ပစ်အညစ်အကြေးများမှ တန်ဖိုးမြှင့်သဘာဝမြေသြဇာထုတ်လုပ်၍ စိုက်ပျိုးမြေများတွင် ပြန်လည်အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် ဇွန်လ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)