မအူပင် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသလိုလ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် ၉ နာရီက မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မအူပင်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ မူမူသန်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ အန္တရာယ်ဖြစ်စေနိုင်သော မူးယစ်ဆေးဝါး အမျိုးအစားများ၊ ကမ္ဘာပေါ်တွင် ဒုတိယအသုံးအများဆုံးမူးယစ်ဆေးအကြောင်းအရာများ၊ မူးယစ်ဆေးအမျိုးအစားအလိုက် ခန္တာကိုယ်ထဲတွင်တည်ရှိနေနိုင်သည့် အချိန်ပမာဏများနှင့် ဆေးလိပ်၊ ကွမ်း၊ အရက်၊ ဘီယာများ၏ ဆိုးကျိုးများအား အသိပညာပေးဟောပြောသည်။ ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ ပြသထားသည့် နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြရာ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများမှ ရှင်းလင်းပြသခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မအူပင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမူမူသန်းနှင့် ဌာနအသီးသီးမှ ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြန်ကြားရဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)