သရက်ချောင်း ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက အရန်သားဖွားဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပသည်။
ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က မိမိတို့ကျေးလက်ဒေသအသီးသီးရှိ မိခင်နှင့်ကလေးငယ်တွေ၊ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုလက်လှမ်းမီရရှိစေဖို့အတွက် အရန်သားဖွားဆရာမကဏ္ဍဟာ အလွန်ပဲအရေးကြီးကြောင်း၊ သားဖွားဆရာမများ လွှမ်းခြုံမှုအားနည်းသောဒေသများမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း၊ မွေးဖွားခြင်း၊ မွေးဖွားပြီး စောင့်ရှောက်ခြင်းနှင့် သားဆက်ခြားခြင်းစသည့် အခြေခံကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးဆရာမနည်းတူ ကူညီအားဖြည့်ပေးဖို့ရည်ရွယ်ပြီး အရန်သားဖွားဆရာမများကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးခြင်းဖြစ်ကြောင်း၊ အရန်သားဖွားဆရာမများ စနစ်တကျရှိပြီး အရည်အသွေးပြည့်မီစေဖို့အတွက် ခေတ်နှင့်အညီ ပြင်ဆင်မွမ်းမံထားတဲ့ "အရန်သားဖွားဆရာမ လက်စွဲစာအုပ်"ကို လေ့ကျင့်သင်ကြားရာတွင် အသုံးပြုနိုင်ရေးထုတ်ဝေပေးထားပြီဖြစ်ကြောင်း၊ အရန်သားဖွားဆရာမများအနေဖြင့် မိမိတို့၏ တာဝန်၊ ဝတ္တရားများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို သေချာစွာသိရှိလိုက်နာပြီး ပြည်သူအကျိုးပြုသောစေတနာ့ကျန်းမာရေးဝန်ထမ်းများအဖြစ် ပြည်သူ့အကျိုးမျှော်ကိုးပြီး တာဝန်ယူဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက အရန်သားဖွားဆရာမများလုပ်ငန်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြုံပြုဆွေးနွေးကာ အခမ်းအနားရုတ်သိမ်း
ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)