ကန့်ဘလူမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

ကန့်ဘလူ ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ဆေးရုံဟောင်း) တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဇွန် ၂၂ ရက်နံနက် ၈ နာရီက အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာကျော်ကျော်ဇင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ဒူးနာ၊ ခါးနာ စသည့် အခြေခံ ကျန်းမာရေးရောဂါဆိုင်ရာများကို ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးကုသခြင်း၊ ရောဂါဝေဒနာရှင် အလိုက် ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထို့ပြင်အဆိုပါနေ့က ကန့်ဘလူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံး၌ ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို မြို့နယ် (၁၆) ခု တင်ဆံ့တိုင်ရင်းဆေးရုံအုပ် ဒေါ်သန်းသန်းလတ်နှင့်ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်၍ ဆေးဝါးများ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ပင်စင်စားတစ်ဦးလျှင် ဆန် ၁၅ ပြည်စီကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း