ဟင်္သာတ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့မြန်မာ့စီးပွားရေးဘဏ်၌ ခရိုင်နှင့်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပင်စင်လစာထုတ်ယူကြသောနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းနှင့် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများကို အဆိုပါဘဏ်ရှေ့တွင် ယမန်နေ့နံနက် ၈ နာရီက သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းဦးဆောင်၍ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မင်းနှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မွေးမြူရေးလုပ်ငန်းရှင်များတို့က လိုက်လံကြည့်ရှုအားပေးကြပြီး လိုအပ်သောကူညီဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါအငြိမ်းစားဝန်ထမ်းများအား မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များနှင့် စားအုန်းဆီလက်လီ/ လက်ကားရောင်းဝယ်ရေး လုပ်ငန်းရှင်များပူးပေါင်း၍ ဆီတစ်ပိဿာလျှင် ၇၉၅၀ ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၅ လုံး တို့အား ရောင်းချပေးလျက်ရှိသည်။
ဟင်္သာတမြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လစာထုတ်ယူကြသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြပြီး၊ မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မြို့ပြပင်စင်စားများ၊ ကာကွယ်ရေးပင်စင်စားများ၊ နိုင်ငံရေးပင်စင်စားများ၊ ဘဏ်ပင်စင်စားနှင့် ရဲဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ပင်စင်လစာများ ထုတ်ပေးခဲ့ပြီး နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက် (၆) နာရီမှနေ့လယ် (၁၂) နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)