ဟင်္သာတ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဟင်္သာတခရိုင်နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အခြေခံတိုင်းရင်းဆေးပညာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဧရာဝတီ တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နန့်အေးအေးနွယ်က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများနှင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဟင်္သာတခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ခရိုင်တိုင်းရင်းဆေးမှူး ဦးစိုးလင်းက ခင်းကျင်းပြသ ထားသော မြန်မာ့တိုင်းရင်းဆေးဖက်ဝင်အပင်များ၊ ဆေးဖက်ဝင်ပစ္စည်းများ၊ ထုတ်လုပ်ပြီး မြန်မာ့တိုင်းရင်းဆေးနမူနာများ၊ အဖိုးတန်တိုင်းရင်းဆေးများ၊ အသိပညာပေး နံရံကပ်ပိုစတာများ လိုက်လံရှင်းပြခဲ့ရာ ခရိုင်ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ သင်တန်းကို နည်းပြ ၆ ဦးက သင်တန်းသား ၊သင်တန်းသူ ၃၀ ဦးတို့အား (၃)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)