တနင်္သာရီမြို့နယ်၌  မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် အကျိုးဆောင်တောင်သူများအား ဆင်းသုခမျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ပေးအပ်

တနင်္သာရီ ဇွန် ၂၆

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိစေရေးအတွက် အရှေ့မော်တုန်းကျေးရွာရှိ စံပြဧက (၃၀၀) တွင် စိုက်ပျိုးဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား ဆင်းသုခမျိုးစပါး တင်း(၃၀၀)၊ ကွန်ပေါင်း ဓာတ်မြေဩဇာ အိတ်(၁၅၀)နှင့် သဘာဝမြေဩဇာအိတ်(၁၅၀) ကို  ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ (၁) နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုး‌ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်က မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများကို ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထိုသို့ ပေးအပ်ခြင်းဖြင့် အရည်အသွေး ကောင်းမွန်သော ဆင်းသုခမျိုးစပါး အသုံးပြုစိုက်ပျိုးနိုင်ရေး၊ မြေဆီလွှာအာဟာရ ပြည့်ဝစေရေးနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးတို့ကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)