၂၀၂၀ ပြည့်နှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း (၁၉၆)ကြိမ် လုပ်ဆောင်ပေးနိုင်ခဲ့

မုံရွာ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၁၁) ခုတွင် မီးသတ်ဦးစီးဌာနရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း (၁၉၆) ကြိမ်အထိ လုပ်ဆောင်ပေးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသက်ဦးစီး ဌာနရုံးမှ သိရသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအဖြစ် ယာဉ်တိုက်မှု(၄၆)ကြိမ်၊ လေပြင်း(၄၁)ကြိမ်၊ ရေနှစ်မှု (၃၀) ကြိမ်၊ ငလျင်ဘေး (၁) ကြိမ်၊ သစ်ပင်လဲ (၂၇) ကြိမ်၊ အခြားဖြစ်စဉ်များ (၁၃)ကြိမ် ရေကြီး/ လျှံဖြစ်ပွားမှု (၃၈) ကြိမ်၊ စုစုပေါင်း (၁၉၆) ကြိမ် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းဒေသကြီးအတွင်းမှာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီးတပ်ဖွဲ့ဝင် တွေရဲ့  စွမ်းရည်မြှင့်တင်ပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်မီ လုပ်ဆောင်ပေးတဲ့အတွက် ပျက်စီးဆုံးရှုံးမှု တွေလျော့နည်းပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို အချိန်မီလုပ်ဆောင်ပေးလျက်ရှိပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောသည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ခရိုင်အလိုက်လုပ်ဆောင်ပေးခဲ့မှုအနေဖြင့် စစ်ကိုင်းခရိုင် အတွင်း (၃၃) ကြိမ်၊ မုံရွာခရိုင်အတွင်း (၄၈) ကြိမ်၊ ယင်းမာပင်ခရိုင်အတွင်း (၁၂)ကြိမ်၊ ရွှေဘိုခရိုင် အတွင်း (၁၈) ကြိမ်၊ ကသာခရိုင်အတွင်း (၄၁) ကြိမ်၊ ကောလင်းခရိုင်အတွင်း(၂)ကြိမ် ကလေးခရိုင်အတွင်း (၁၅)ကြိမ်၊ ကန့်ဘလူခ ရိုင်အတွင်း (၁၄)ကြိမ်၊ ခန္တီးခရိုင်အတွင်း (၅) ကြိမ်၊ တမူးခရိုင်အတွင်း (၃)ကြိမ်၊ မော်လိုက်ခရိုင်အတွင်း (၅)ကြိမ်နှင့် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 ဝင်းဦး(ဇေယျာတိုင်း)