မြန်အောင် ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအကြောင်း အသိပညာပေးဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချို ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက မြန်အောင်မြို့နယ်အတွင်းရှိ ရပ် ကွက်/ကျေးရွာအုပ်စု (၇၃)အုပ်စုတွင် ရပ်ကျေးဥပဒေ၊ နည်းဥပဒေများအား ပြည်သူများ သိရှိစေရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်ခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ဆယ်အိမ်စုအဖွဲ့၊ ရာအိမ်စုအဖွဲ့ ဖွဲ့စည်းခြင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံများ၊ အုပ်ချုပ်ရေးမှူးများရွေးချယ်ခြင်းတို့အား နည်းဥပဒေနှင့်အညီ အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)