ခန္တီး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ခန္တီးမြို့နယ်အတွင်းရေကြီးရေလျှံမှုဖြစ်ပွားလာပါက မြေနှိမ့်ပိုင်းများနှင့်ရေဝင်ရောက်နိုင်သည့်နေရာများရှိ ပြည်သူများအား ရှာဖွေကယ်ဆယ်ရေး၊ သယ်ယူရွှေ့ပြောင်းရေးနှင့်ကယ်ဆည်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးရေးလုပ်ငန်းများကိုလျင်မြန်စွာဆောင်ရွက်နိုင်စေရန်အတွက် ရေဘေးကယ်ဆယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ပေါမိုင်းရပ်ကွက် ချင်းတွင်းမြစ်ကမ်းဘေး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ဦးဆောင်၍ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၂၀၀) ဦးတို့ပူးပေါင်းကာ ရေဝင်ရောက်နိုင်သည့် ကျေးရွာများရှိပြည်သူများအား ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့နေထိုင်စေရေး လိုက်လံဆော်သြော်ခြင်း၊ ရေဘေးသင့်ပြည်သူများအား သတ်မှတ်နေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခြင်းနှင့် ကျန်းမာရေးမကောင်းမွန်သည့် လူနာများ၊ အရေးပေါ်လူနာများအား ကျန်းမာရေးစောင့် ရှောက်မှုဆောင်ရွက်ပေး ခြင်းလုပ်ငန်း စဉ်များကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် ခန္တီးတပ်နယ်မှူး၊ ဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှချိုတို့က ရေကြီးရေလျှံမှုဖြစ်ပေါ်လာပါက ဆောင်ရွက်ရန်လိုအပ် သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ကမ်းကီး(ပြန်/ဆက်)