သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများဆောင်ရွက်

ကန့်ဘလူ ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို အစိုးရစက်မှု လက်မှုသိပ္ပံ (ကန့်ဘလူ)၌ ဇွန် ၂၄ ရက်နံနက် ၉ နာရီက ဆောင်ရွက်သည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်ကလူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို လည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဌေးဝင်းကမီးဘေးလုံခြုံရေး အသိပညာပေးရှင်းလင်း၍ မီးသုံးစွဲမှုစနစ်တကျရှိစေရေး၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးတို့ကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအကြီးတန်းစာရေး ဦးအောင်မျိုးဦးကငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဥ်တွင် လိုက်နာရန်နှင့် ရှောင်ရှားသင့်သည့်အချက်များကိုလည်းကောင်း၊ မြို့မမီးသတ်စခန်းမှူး ဦးဇော်လင်းက သဘာဝဘေးအန္တရာယ် ကိုးမျိုးအကြောင်းတို့ကိုလည်းကောင်းအသိပညာပေး ဆွေးနွေးဟောပြောကြသည်။

ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ခေတ်မီရှာဖွေ ကယ်ဆယ် ရေးပစ္စည်းများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းနည်းစနစ်များနှင့်မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူး၊ ရေစိုအဝတ်တို့ဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသကာ ဆရာဆရာမ များနှင့်ကျောင်းသားကျောင်းသူများအား ကိုယ်တိုင်ပါဝင်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)