ထားဝယ် ဇွန် ၂၅
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၈) ဦးရှိသည့်အနက် (၂၆)ဦး တက်ရောက်ခဲ့သဖြင့် (၉၂.၈၆)ရာခိုင်နှုန်းရှိပြီးတက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေသုံးပုံတစ်ပုံထက် ကျော်လွန်သည့်အတွက် တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့)အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)တက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့်သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားသည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းအဆိုပြုထားသည့် ဒေါ်အေးအေးသန်းအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်း အဆိုပြုထားသည့် ဒေါ်ထွေးထွေးအား လည်းကောင်း သက်ဆိုင်ရာ ရာထူးအသီးသီးတွင် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီးလွှတ်တော်က သဘောတူ ကြောင်းဆုံးဖြတ်ခဲ့ကြပြီး နံနက် ၁၁ နာရီ ၂၁ မိနစ်တွင် တတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့)အား ကျင်းပပြီးစီးသည်။
ဆက်လက်၍ တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ဇွန် ၂၆ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)