စစ်ကိုင်း ဇွန် ၂၅
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ရွာထောင်အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေး သိကောင်းစရာများကို ဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်ပြပွဲများ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ပြီး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)