မော်လိုက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မော်လိုက် ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံအသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန်လ (၂၃) ရက်နေ့နံနက် (၈) နာရီခွဲအချိန်က အားကစားကွင်းရှိ မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အမျိုးသား (၂၅) နှစ်အောက်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်  အုပ်စု(က)တွင် သရက်ကုန်း(၁)၊ ကျောင်းမြောက်၊ Three Tiger အသင်းတို့ကလည်းကောင်း၊ အုပ်စု(ခ)တွင် သရက်ကုန်း(၃)၊ စွယ်တော်၊ သစ်တောအသင်းတို့ကလည်းကောင်း၊ အုပ်စု(ဂ)တွင် အောင်ရတနာ၊ လျှပ်စစ်၊ အောင်မင်္ဂလာအသင်းတို့ကလည်းကောင်း၊ အုပ်စု(ဃ)တွင် ကျောင်းတောင်၊ သရက်ကုန်း(၂)၊ ပညာရေးအသင်းတို့ကလည်းကောင်း အမှတ်‌ပေးစနစ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ သရက်ကုန်း(၁) အသင်းနှင့်အောင်ရတနာအသင်းတို့က Final သို့ တက်ရောက်ခဲ့ကြသည်။ ဇွန်လ (၂၃) ရက်နေ့တွင် ၎င်းအသင်းနှစ်သင်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရာ သရက်ကုန်း (၁) အသင်းက အောင်ရတနာအသင်းကို ၃ ပွဲ ဆက်တိုက်အနိုင်ရရှိခဲ့ပြီး ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုများကို အသီးသီးဆုများ ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)