တောင်ငူ၌ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲအဆင့်ဆင့် ပြုလုပ်နိုင်ရေးညှိနှိုင်းဆွေးနွေး

တောင်ငူ ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အသစ် ပြန်လည်ရွေးချယ်ရေး ကြီးကြပ်မှု ကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ ယမန်နေ့က ကျင်းပခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသီဟဇော်တို့မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်မှုကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် အိမ်ထောင်စုစာရင်း၊ အိမ်ခြေစာရင်း ကောက်ယူရေး၊ မဲပေးခွင့်နှင့် ဝင်ရောက် အရွေးချယ် ခံခွင့် ရရှိရေးကိစ္စ ၊ ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ဇော်ထက် (တောင်ငူ)